ဆွေးမြေ့၍လာ ဤခန္ဓာ
ယာ တေသံ တေသံ သတ္တာနံ တမှိတမှိ သတ္တနိကာယေ ဇရာ ဇီရဏတာ ခဏ္ဍိစ္စံ ပါလိစ္စံ ဝလိတ္တစတာ အယုနော သံဟာနိ ဣန္ဒြိယာနံ ပရိပါကော။(မဟာသတိပဋ္ဌာနသုတ်)
တိုး၍တိုး၍ ဆွေးမြေ့ယိုယွင်း အိုမင်း၍လာ ဤခန္ဓာကား သွားကျိုး ဆံဖြူ အရေထူ အရေပါး အက်ကြောင်းများလည်း ထင်ရှားသိသာလာတယ်။
နေဖို့ရက်ကား နည်းနည်းသွားတယ်။ သေဖို့ချိန်ခါ နီးနီးလာတယ်။ စက္ခုစသော ဣန္ဒြေများလည်း ရင့်ရော်မှုန်ဝါးလာတယ်။
ဇရာ ဓမ္မာနံ ဘိက္ခေ၀ သတ္တာနံ။ပ။ န စ ဝတ နော ဇရာ အာဂစ္ဆေယျ။
မအိုချင်လို တောင်းဆုဆိုလည်း ဆိုတိုင်းမရ အိုကြရ အနတ္တခန္ဓာကိုယ်။
အိုမင်းလာပြီ ခန္ဓာဆီ
----------------
သေမင်းမှ ကြောက်စရာကောင်းတာမဟုတ် အိုမင်းလည်းကြောက်ရတာပဲ။ သူကလဲ မင်းပဲလေ။
အိုမင်းလာပြီဆိုရင် ဒီမင်းက သူ့ထက်ဆိုးတဲ့ သေမင်းဆီကို တစ်ဖြေးဖြေးအရောက်ပို့ပေးနေတာ။
အိုမင်းဇရာ အဖေါ်နှင့်လာ
================
အိုးမင်းဇရာက သူချည်းလာတာမဟုတ် ဗျာဓိဆိုတဲ့ ရောဂါဝေဒနာတွေလည်းပါလာပြန်တယ်။။
ဒီရောဂါတွေကို ဆေးဝါးစုံလင် ပြုပြင်ကုသပေမယ့် ဘယ်လောက်ပြုပြင်ပြုပြင် ရတန်သလောက်ပဲရမယ်။
ခန္ဓာကိုယ်ဆိုး ဤရုပ်မျိုးကား တိုး၍မပျို အိုသာအိုခဲ့ ပျက်ပြိုမဆိတ် တစ်ငြိတ်ငြိတ်ဖြင့်
တစ်မှိတ်မစဲ တည်မမြဲရှင့်။ (မဃဒေဝ)
ဗျာဓိ ဓမ္မာနံ ဘိက္ခ္ခေ၀ သတ္တာနံ ဧဝံ ။ပ။ န စ ဝတ နော ဗျာဓိ အာဂစ္ဆေယျ။
မနာချင်လို တောင်းဆုဆိုလည်း ဆိုတိုင်းမရ နာကြရ ဒုက္ခခန္ဓာကိုယ်
ကုရာနတ္ထိ ဆေးမရှိ
-----------------
ဒီခန္ဓာကိုယ်ထဲမှာ ဖြစ်နေတဲ့ နာကျင်၊ ကိုက်ခဲနေတဲ့ ရုပ်အာရုံတွေကို
ဝေဒနာနာမ်က လိုက်ပြီး ခံစားတတ်တယ်။
ဝေဒနာဆိုတာက သုခဖြစ်စေ ဒုက္ခဖြစ်စေ အဒုက္ခမသုခဖြစ်စေ ရုပ်ရဲ့ဖောက်ပြန်နေတဲ့ အာရုံတိုင်း အာရုံတိုင်းရဲ့ အရသာကို လိုက်လိုက်ပြီး ခံစားမှာပဲ။ ဒါက သူ့သဘော။သူ့သဘာဝ။
ဗုဒ္ဓက နကုလပီတာကို ဟောထားတယ်. အာတုရကာယဿ မေ သတော အနာတုရံ စိတ္တံ ဘဝိဿတိ။(ခန္ဓသံယုတ်။နကုလပီတုသုတ်)
ကိုယ်နာကျင်နာပါစေ စိတ်မနာအောင်နေ။
ကိုယ်အနာ (၃) မျိုး
----------------
၁။ ဇရာတုရ=အိုနာ။ ၂။ ဗျာဓာတုရ= ရောဂါနာ။ ၃။ မရဏာတုရ-သေနာ
ဒီရုပ်ကိုယ်အနာတွေက ဘုရားတောင်မှ မလွန်ဆန်နိုင်ဘူး။
စိတ်နာဆိုတာက-= လောဘ ဒေါသ မောဟစတဲ့ ကိလေသာနာတွေ။
ဆေးတွေဆိုတာကလည်း ကိုယ်အနာလောက်ပဲသက်သာမယ်။
စိတ်ရဲ့အနာကိုတော့ မကုသနိုင်ဘူး။
စွဲလမ်းမှုဟာ ပြဿနာ
----------------------
ကိုယ်နာရင် ဘာကြောင့် စိတ်နာရသလဲ
ရုပ်နာရင် စိတ်နာတယ်ဆိုတာ ဘာကြောင့်လဲ
ရုပ်ခန္ဓာ နာမ်ခန္ဓာနဲ့ပတ်သက်လို့ မိမိတို့က တလွဲထင် တလွဲမြင်နေကြတာပါ။
ခန္ဓာငါးပါး ရုပ် နာမ်တရားတွေကို ကာမုပါဒါန်လို့ခေါ်တဲ့ တဏှာနဲ့ သာယာပြီးစွဲလမ်းတယ်။ ဒိဋ္ဌုပါဒါန်လို့ခေါ်တဲ့ ဒိဋ္ဌိနဲ့ အထင်မှားအမြင်မှားပြီးစွဲလမ်းတယ်။
ဘယ်လိုထင်မြင်စွဲလမ်းလဲဆိုရင်
ရုပ်ကို ငါလို့ ထင် မြင်တယ်။ ဒီရုပ်ဟာ င့ါရုပ်ပဲလို့မြင်တယ်။ ရုပ်နှင့်နာမ် မကွဲပြား တစ်သားတည်းလို့မြင်တယ်။
အဲလိုမြင်တော့ ရုပ်က အဆိုးဘက်ကိုဖေါက်ပြန်လာတဲ့အခါကျတော့ စိုးရိမ်ပူဆွေး ငိုကြွေးမှူတွေ ကိုဆင်းရဲ စိတ်ဆင်းရဲမှုတွေ ဖြစ်လာတယ်။
ခေါင်းကိုက်ရင် ငါ့ခေါင်းကိုက်တယ်။ ဗိုက်နာရင် ငါ့ဗိုက်နာတယ်။ လက်နာရင် ငါလက်နာတယ်။ လို့စွဲနေတော့ ဒေါမနဿဆိုတဲ့ ကိလေသာအနာတွေဖြစ်ရတယ်။
ခံစားမှု မှတ်သားမှု ပြုပြင်မှု သိမှုတွေလည်း ထိုနည်းတူပါပဲ။
ခန္ဓာငါးပါးကို ငါ ငါဥစ္စာဆိုတဲ့ အစွဲလမ်းကြောင့် ကိုယ်အနာအပေါ်မှာ စိတ်အနာပေါ်တာ။
ဒါကို ကိုယ်လည်းနာ စိတ်လည်းနာတယ်လို့ ပြောတာ။
စိတ်အသိမှာ ဒိဋ္ဌိပါလျင် အဲဒီ ဒိဋ္ဌိဟာ စိတ်အနာပဲ။
ရှုကြည့်မှသာ သိမြင်မှာ
-------------------
ရုပ်နာပေမယ့် စိတ်မနာဖို့ဆိုရင်
ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ငါ ငါ့ဥစ္စာပဲရယ်လို့ မစွဲလမ်းအောင်ကျင့်ရမယ်။
ရုပ်နှင့်နာမ် ခွဲခြားသိမြင်နိုင်ရမယ်။
ရုပ် နဲ့ နာမ် ခွဲမယ်ဆိုရင်
----------------
နာကျင်ကိုက်ခဲတာက ရုပ်တရား ခံစားတတ်တဲ့ဝေဒနာက နာမ်တရား။
ပုဂ္ဂိုလ် သတ္တဝါရဲ့ ရုပ်တရားမဟုတ် ဝေဒနာမဟုတ်။
ရုပ်တရားက ဖေါက်ပြန်လို့ နာကျင်ကိုက်ခဲတယ်။ ဝေဒနာက ခံစားတယ်။
ပုဂ္ဂိုလ် သတ္တဝါက ခံစားတာမဟုတ်ပါဘူး ။
အာရုံက သက်သက်၊ ခံစားတတ်တဲ့ သဘောတရား ဝေဒနာက သတ်သတ်လို့ ကွဲပြားအောင် ရှုမြင်နိုင်ရမယ် ။
နာနေတာက ရုပ်တရား နာနေမှန်းသိနေတာက နာမ်တရားပဲဆိုတာကို သဘောပေါက်ရင်
အဲဒီပုဂ္ဂိုလ်ဟာ ရုပ်ဖေါက်ပြန်သော်လည် စိုးရိမ်ပူဆွေး ငိုကြေးမှုတွေ မဖြစ်တော့ဘူး
ဒါဟာ ရုပ်နာပေမယ့် စိတ်မနာဘူး။
ဒါက ဝိပဿနာနဲ့ ရှုကြည့်မှ သိရမြင်ရမှာပါ။
ဒါတွေမသိတာကလည်း ဝိပဿနာနဲ့ရှုမကြည့်လို့ မသိသေးတာပါ။
ရှုစရာတွေကို အဆက်မပြတ်ရှုနေခြင်းဟာ ကိုယ်နာပေမယ့် စိတ်မနာအောင်နေတာပါ။
No comments:
Post a Comment